ဆေးလိပ်သောက်ခြင်းနှင့် မျိုးရိုးပျက်သုဉ်းစေမည့် အန္တရာယ်
24-Feb-2017
ဆေးလိပ်သောက်ခြင်းသည် လိင်မှုဆိုင်ရာ ကဏ္ဍအသီးသီး၌လည်းကောင်း၊ မျိုးပွားမှုစနစ်နှင့် ကလေးများ၏ ကျန်းမာရေးကိုလည်းကောင်း ထိခိုက်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗြိတိသျှ ဆေးဖက်ဆိုင်ရာအသင်းကြီး (British Medical Association)၏ လေ့လာချက်များအရ ဆေးလိပ်သောက်ခြင်းကြောင့် အသက် ၃၀ မှ ၅၀ နှစ်အတွင်းရှိ အမျိုးသား ၁၂၀၀၀၀ အား ပန်းသေသည့်ဝေဒနာကို ခံစားရစေကြောင်းတွေ့ရှိရသည်။
ဆေးလိပ်ကြောင့် နှစ်စဉ် ကိုယ်ဝန်ပျက်ကျမှု ၅၀၀၀ ခန့်ဖြစ်ပွားပြီး ဖန်ပြွန်အတွင်း သန္ဓေအောင်မြင်မှု (Invitro-Fertilization) အလားအလာကို လျော့နည်းစေရုံမက သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုနှင့်လည်း ဆက်စပ်ယှက်နွှယ်လျက် ရှိသည်။ ဆေးလိပ်ကြောင့် မိသားစုဘဝ အစပျိုးမှုကို ထိခိုက်စေရုံသာမက ကလေးငယ်များ၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။ အမျိုးသမီးများ၏ ရာသီခွင်တစ်ခွင်တွင် ပဋိသန္ဓေတည်ရန်အတွက် ၄၀ ရာခိုင်နှုန်းခန့် အလားအလာ လျော့နည်းစေသည်။
ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သောမိခင်မှ မွေးဖွားလာသော ကလေးငယ်များသည် ပုံမှန်ရှိသင့်သော ကိုယ်အလေးချိန်အောက် လျော့နည်းရန် သုံးဆခန့် အလားအလာ ပိုများပြားသည်။ မွေးဖွားစဉ် ပုံမှန်ရှိသင့်သော ကိုယ်အလေးချိန်အောက် လျော့နည်းသောကလေးငယ်များသည် အနာရောဂါ ထူပြောပြီး မွေးကင်းစဘဝမှာပင် အသက်ဆုံးရှုံးလေ့ရှိသည်။
ယင်းအပြင် ဆေးလိပ်သောက်သော မိခင်လောင်း၏ သန္ဓေသားသည် နှုတ်ခမ်းကွဲခြင်း၊ အာခေါင်ကွဲခြင်း စသည့် ပုံစံပျက်ယွင်းမှုများ ဖြစ်ပေါ်ရန်အတွက် အလားအလာများပြားကြောင်း သက်သေ အထောက်အထားများ တွေ့ရှိနိုင်သည်။ ဆေးလိပ်သောက်သောမိခင်သည် နို့အထွက်နည်းပြီး နို့၏အရည်အသွေးမှာလည်း နိမ့်ကျသည်ဟုဆိုသည်။
ဆေးလိပ်မီးခိုး ရှူရှိုက်မိခြင်းကြောင့် နို့စို့ကလေးငယ်များ အကောင်းပကတိ ရုတ်တရက်သေဆုံးခြင်း (Cot-death) ၊ အချိန်မတိုင်မီ ကလေးမျက်နှာမြင်ခြင်း၊ ကလေးများ၏ အသက်ရှူလမ်းကြောင်းတစ်လျှောက် ရောဂါပိုးပျံ့နှံ့ဝင်ရောက်ပြီး ကလေးဘဝတွင် ပန်းနာရင်ကျပ်ဝေဒနာ ဖြစ်ပွားခြင်းတို့ ခံစားရနိုင်သည်။
စီးကရက်သည် ယခင်က အများသိရှိထားသည့် အထွေထွေသော ရောဂါများအပြင် ယခုအခါ အမျိုးသားများတွင် အမျိုးသားဘဝဆုံးရှုံးခြင်း (ပန်းသေခြင်း)၊ အမျိုးသမီးများတွင် မျိုးပွားမှုစနစ်ကို ပျက်စီးစေခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးဖွားလာသော ကလေးငယ်များ
တွင် ပန်းနာရင်ကျပ်၊ အဆုတ်ရောင်ရမ်းနာ စသည့်ရောဂါများ ခံစားရစေခြင်းစသော မျိုးပျက်သုဉ်းစေသည့် အန္တရာယ်များကိုပါ ရင်ဆိုင်ရနိုင်ကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့ရှိလာရသဖြင့် ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်သောက်သူကို ဝေးဝေးမှရှောင်ကြဉ်ရန် သတိပေး ရေးသားလိုက်ရပေသည်။
Healthcare.com.mm
Ref:
အောင်ဇင်
Health for all magazine, April 2013, Pg. 138-139
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
